Letu Migration Route.png

Letu(Chin) Migration Route

ပူရ်တောင်တန်းမှတစ်ဆင့် ဆင်းသက်လာပုံသမိုင်းကြောင်း

 

လေးတူ(ချင်း)မျိုးနွယ်စုများဟာ တောင်ပေါ်ဒေသ ဆိုင်ချောင်း(သံချောင်း)၊ ဂျာချောင်း၊ ဝတ်‌ချောင်း၊ ဖုန်းလောင်(လေးမြို့ချောင်း)၊ ပန်းမြောင်းကြီး ချောင်းဒေသ၊ ဇိုင်ချောင်းနှင့် တေလောင်(နှင့် ဖုံသာ)ချောင်းဒေသတွေမှာ နေထိုင်ကြပါတယ်။ 

လွန်ခဲ့သော နှစ်ပေါင်း(၉၀၀)ခန့်က လေးတူ(ချင်း)မျိုးနွယ်စုများ အားလုံးဟာ ဆိုင်ချောင်းဖျားနှင့် ကျင်ဒွေးမြို့နှင့် စေတုတ္တရာမြို့အကြား၊ မုန်းချောင်း ဒေသမှ တစ်ဆင့် သံချောင်းဖျားရှိ ပူရ်ရေးတောင်ပေါ်ကို ဖြတ်ကျော်ကာ ဆိုင်ချောင်းဖျားသို့ ဆင်းလာခဲ့ကြပါတယ်။ 

ဤသည်ကို ပူရ်တောင်တန်းပေါ်မှတစ်ဆင့် ဆင်းသက်လာပုံသမိုင်းကြောင်း ဟု ခေါ်သွင်ကြပါတယ်။ “ပါမ်း” ဆိုတာကတော့  ပူရ်ရေးတောင်တန်းပေါ်မှာ တည်ရှိတဲ့ သာယာပြီးစမ်းရေထွက်တဲ့ တောင်ပေါ်ကျောမြေပြန့်တစ်နေရာ ဖြစ်ပါတယ်။ ဒါကြောင့် လေးတူ(ချင်း)ဘိုးဘေးတွေရဲ့ သီချင်းတွေမှာ ““pui yjng han kom, pam mjng han kraw” ဆိုတဲ့ စကားပုံရှိနေတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ “ပူရ်ရေးနှင့် ပါမ်းတို့မှ ဆင်းလာခြင်း” ဖြစ်ပါတယ်။ 

ဒီချင်းမျိုးနွယ်စုတွေဟာ အစိုင်တစ်မျိုးချင်းစီရဲ့ ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ တောင်ထိပ်၊ ချောင်း၊ ဥယျာဉ်ခြံ၊ အမဲလိုက်ခွေး၊ ပဆန်းဆရာများနဲ့အတူ နယ်မြေသစ်ကို ရှာဖွေပြီး အခြေချလာခဲ့ကြတာ ဖြစ်ပါတယ်။ အစိုင်(၆)ခုစီဖြင့် စုဖွဲ့ကာ ဆင်းသက်လာကြပါတယ်။ သူတို့အကြားမှာ မိန်းမအဖြစ်ယူသင့်သော(သို့မဟုတ် ယူရမယ့်)ဦးလေး အမျိုးအနွယ်နှင့် သမီးပေးစားရမယ့်(ပေးစားသင့်သော) အမျိုးအနွယ်ဆိုပြီး ရှိကြပါတယ်။ 

ဆိုင်ချောင်းဒေသမှာ ဆယ်လုံးတောင်ကို မိမိတို့ ဆင်းသက်လာသော (သို့) ပိုင်ဆိုင်သော တောင်ထိပ်အဖြစ် သတ်မှတ်ကြသော အစိုင်(၆)စိုင် ရှိကြပါတယ်။ သို့သော် ယခုအခါ ဆိုင်ချောင်းဒေသတွင် အစိုင်များစွာ နေထိုင်ကြပါတယ်။ ထို့အပြင် ဂျာချောင်းဒေသမှာလည်း ပိုက်နူးစုံးကို ၎င်းတို့အပိုင်အဖြစ် သတ်မှတ်ကြသော မျိုးနွယ်စုအစိုင်များနှင့် ဘူဇိုအစိုင်တို့လည်းရှိကြပါတယ်။ ၎င်းတို့တွင် Lyäcaw, Heu, Kuli, Poklhinlheq, …စသဖြင့် ရှိကြပါတယ်။ 

ဆယ်လုံးတောင်ဘက်ခြမ်းမှာ နေထိုင်ကြတဲ့သူတွေကို “ဆမ်ယာ” လို့ ခေါ်ပြီးတော့ ဂျာချောင်းဒေသနှင့် ၎င်းဘက်ခြမ်းမှာ နေထိုင်တဲ့သူတွေကို “တွီးယာ” လို့ ခေါ်ကြပါတယ်။ သူတို့အကြားမှာ ဒေသိယစကားကွဲပြား ကြပါတယ်။ 

ဆိုင်ချောင်းဒေသမှာ နေထိုင်ကြတဲ့အုပ်စုကို “ဒွယ်တူ” လို့လည်း ခေါ်ကြပါတယ်။ အကြောင်းကတော့ “ခရင်/ကရင်ဝါး”ပင်တွေ ပေါက်တဲ့ ဒေသတွေမှာ နေထိုင်ကြလို့ ဖြစ်ပါတယ်။ 

အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ကတော့ အဓိကအားဖြင့် တောင်ယာစပါးစိုက်ပျိုးကြပါတယ်။ ၎င်းကို တောင်ယာအလုပ်လို့လည်း ခေါ်ကြတယ်။ ရှေးတုန်းကတော့ ယောကျ်ားများမှာ မုဆိုးအနေနဲ့ အမဲလိုက်ခြင်းတွေ ပြုလုပ်ကြပါတယ်။ ဤသည်ကို “တောအလုပ်အကိုင်” လို့ ခေါ်ကြတယ်။ 

တေလောင်(နှင့် ဖုံသာချောင်း)ဒေသ၊ ဝတ်ချောင်းဒေသတွေမှာ နေထိုင်ကြတဲ့ မျိုးနွယ်စုတွေဟာ ယခင်ကာတုန်းက ဆိုင်ချောင်းဖျား၊ ဂျာချောင်းတို့မှသည် ရေချောင်းဖျားကို ဖြတ်ကျော်က နာရ်ရေး တောင်တန်းကို ဖြတ်ကျော်ပြီး မာန်တုန်နှင့် ပါးချောင်းဒေသ၊ ဝတ်ချောင်းဖျားဒေသဆီသို့ ပြောင်းရွှေ့အခြေချကြပါတယ်။ ၎င်းဒေသများတွင် အချိန်အတန်ကြာနေထိုင်ကြပြီးနောက် တေလောင်(နှင့် ဖုံသာချောင်း)ဒေသများဆီသို့ ပြောင်းရွှေ့အခြေချသွားကြခြင်း ဖြစ်ပါတယ်။ တေလောင်ဒေသ၌ နေထိုင်ကြသော လေးတူ(ချင်း) မျိုးနွယ်စုများကို “ဒိုင်တူ” လို့ ခေါ်ပါတယ်။ ဒေသိယစကားသံအရ ကွဲပြားတဲ့ အခေါ်သာဖြစ်လို့ “ဒွယ်တူ” နဲ့ အဓိပ္ပါယ်အတူတူပဲ ဖြစ်ပါတယ်။

ဖုန်းလောင်(လေးမြို့ချောင်း)ဒေသမှာ အခြေချနေထိုင်ကြတဲ့ လေးတူ(ချင်း) မျိုးနွယ်စုတွေကတော့ ယခု ဗုဒ္ဓဂါမအနီးရှိ မွားချောင်းအတိုင်း ထွက်လာ ကြပြီးတော့ ထိုနေရာမှတစ်ဆင့်  ဝါးဖောင်တွေကို အသုံးပြုပြီး ဆိုင်ချောင်းမှသည် ဖုန်းလောင်ဒေသအထိ စုန်ဆင်းသွားကြခြင်း ဖြစ်ပါ တယ်။ သူတို့အုပ်စုမှာ မာန်အုံးလ်နှင့် လိုင်လ်း မျိုးနွယ်စုများဆိုပြီး အဓိက (၂)မျိုး ထပ်ဆင့် ကွဲသွားပါတယ်။ မာန်အုံးလ် အစိုင်(၆)စိုင်နှင့် လိုင်လ်းလည်း အစိုင်(၆)စိုင်ရှိမယ်လို့ ယူဆရပါတယ်။ အများစုသော မာန်အုံးလ် မျိုးနွယ်စုတွေဟာ ချင်းပြည်နယ်ပလက်ဝမြို့နယ်နှင့် လိုင်လ်းအစိုင်အုပ်စု တွေကတော့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ နေထိုင်ကြပါတယ်။

ပန်းမြောင်းကြီးချောင်းဒေသမှာနေထိုင်ကြတဲ့ လေးတူ(ချင်း)မျိုးနွယ်စု တွေဟာ ဇိုင်ချောင်း-ပေါက်တောကျေးရွာကို ဖြတ်ကျော်စီးဆင်းတဲ့ ချောင်းဖျားတောင်တန်းကို ဝတ်ချောင်းဘက်မှ ဖြတ်ကျော်ကာ အခြေချ နေထိုင်ကြခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ တောင်ထိပ်က ပိုက်နူးစုံးဖြစ်ပြီးတော့ ချောင်းကတော့ ခါလောင် ဖြစ်ပါတယ်။ သူတို့ဟာ ရခိုင်ရှင်ဘုရင်တွေက မြောက်ဦးမြို့မှာ နန်းထိုင်အုပ်ချုပ်ခဲ့စဉ်တုန်းက  ဖုန်းလောင် (လေးမြို့‌ချောင်း)မြစ်ဘေးရှိ ယခုရခိုင်ရွာကြီး ပန်းမြောင်းနှင့် ဆင်အိုးတွေအထိ အခြေချနေထိုင်ခဲ့ကြပါတယ်။ ပန်းမြောင်းကြီးချောင်း ဒေသမှာ င/တာကျေးရွာ(Lainam) ကို အစောဆုံး တည်ဆောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ပူရ်တောင်တန်းပေါ်မှတစ်ဆင့် ဆင်းသက်လာပုံသမိုင်းကြောင်းကတော့ ဒီလောက်ပဲ အတိုချုံးရေးသား တင်ဆက်လိုက်ရခြင်း ဖြစ်ပါတယ်။ 

လေးတူ(ချင်း)လူမျိုးတိုင်း မိမိတို့ ဆင်းသက်လာပုံသမိုင်းကြောင်း သိကြပါစေ။ 

 

 

Your encouragement is valuable to us

Your stories help make websites like this possible.